Saturday, February 4, 2012

ဝီစကီ သားချော့တေး




သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..


ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။


သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။


ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။


ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။


ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။

Friday, February 3, 2012

သင့် အနာဂတ်ကို ခန့်မှန်းနည်း



ဖိုးစည်က အမြဲတမ်း သိချင်နေလေ့ရှိတယ်။
‘ ငါ့ရဲ့ အနာဂတ်က ဘယ်လိုလဲ ’  ‘ ငါ့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ’
သူက သူ့အဖေပြောတာကို အမှတ်ရမိတယ်။ ‘ မင်းလုပ်နိုင်တာကတော့ အကောင်းဆုံးကို မျှော်လင့်ဖို့ပဲ ’ ။ ဒီတော့ ဖိုးစည်က မျှော်လင့်ပြီးရင်း မျှော်လင့်နေတယ်။
‘ ငါ့ရဲ့ လခတွေ အများကြီးတိုးရဖို့ ငါ မျှော်လင့်တယ် ။ လူတွေ ငါ့အပေါ် ပိုပြီး ကောင်းလာဖို့ ငါမျှော်လင့်တယ်။ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုး တိုးတက်လာဖို့ ငါမျှော်လင့်တယ်။ ဒါဆို ငါ အလုပ်ကနေ အနားယူလို့ရပြီ။ ပြီးတော့ ငါ ထီပေါက်ဖို့လည်း မျှော်လင့်တယ် ’
ဒီလိုမျိုး မျှော်လင့်ရင်းနဲ့ တစ်နှစ်ကြာလာခဲ့ပါတယ်။ဖိုးစည်အတွက် ဘာမှ ပြောင်းလဲမလာပါဘူး။
သူ တီဗွီကြည့်နေတုန်း တီဗွီကနေ တစ်ယောက်ယောက် ပြောတာကို ကြားလိုက်ရတယ်။ “ ကျနော်တို့ဟာ အတိတ်ကို အမှတ်ရဖို့လိုတယ်။ ဒါမှ အနာဂတ်မှာ ဒါမျိုးကိစ္စတွေ ထပ်မဖြစ်မှာ ”
ဒီတော့ အတိတ်က သူ့ရဲ့အမှားတွေကို သူ ပြန်စဉ်းစားကြည့်တယ်။ ပြီးတော့ အဲဒါတွေကို နောက်တစ်ခါ ထပ်မလုပ်ဖို့ သူ့ကိုယ်သူ လေးလေးနက်နက် ကတိပေးလိုက်တယ်။ သူဟာ အတိတ်က အမှားတွေကို ထပ်မဖြစ်အောင် တစ်နှစ်လောက် ဂရုတစိုက် ရှောင်ရှားတယ်။ ဖိုးစည်အတွက် ဘာမှ တိုးတက်မလာပါဘူး။
ဖိုးစည်ဟာ ကံကြမ္မာအကြောင်းကို အင်တာနက်မှာ ရှာကြည့်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တယ်။ သင် ဘာမှ မတတ်နိုင်ဘူး ’
ဒီတော့ သူ မှတ်ချက်ချလိုက်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စောင့်ကြည့်ရုံပဲ ရှိတယ် ’
သူ့ရဲ့အနာဂတ်က သူ့ရဲ့အတိတ်နဲ့ရော ပစ္စုပ္ပန်နဲ့ပါ အတူတူပါပဲ။ သူဟာ ဘ၀ရဲ့ ပွဲကြည့်ပရိသတ်မျှသာပါပဲ။

အနာဂတ်ကို ကြည့်ခြင်း

အကယ်၍ သင်ဟာ မှော်ဖန်လုံးတစ်လုံးနဲ့ အနာဂတ် နှစ်တစ်ရာကို ကြည့်နိုင်မယ်ဆိုရင် ဘယ်သူက ရည်မှန်းချက်အကြီးဆုံးလဲဆိုတာ တွေ့ပါလိမ့်မယ်။
အလွန်အံ့သြစရာကောင်းလှတဲ့ ကွန်ပျူတာတွေ၊ စက်ရုပ်တွေနဲ့ အာကာသခရီးစဉ်တွေရှိတဲ့ အာကာသခေတ်ကို ကြည့်မယ်ဆိုရင် သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ အဆင့်မြင့် နည်းပညာရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။
အကယ်၍ ချမ်းသာကြွယ်ဝမှုဟာ အားလုံးအတွက် ဖြစ်နိုင်ချေရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကြည့်မယ်ဆိုရင် တော့ စွန့်ဦးတီထွင်သူတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို သိရလိမ့်မယ်။
စစ်ပွဲတွေဖြစ်ပြီး လူတွေအများကြီး သေကြေကြတဲ့ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်တော့ လက်နက်ရောင်းသူတွေ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။
ဒါကြောင့် သင့်ဟာ အခုလက်ရှိမှာ ဘယ်သူက ဇွဲကြီးသလဲ၊ ပြင်းပြထက်သန်တဲ့စိတ် ရှိသလဲ၊ လေးနက်တဲ့ ခံယူချက် ရှိသလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် အနာဂတ်ကို မြင်နိုင်ပါတယ်။
လူတွေမှာ ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခုရှိလာအောင် ဘယ်အရာက ပြုလုပ်ပေးသလဲ။

သင်ဟာ ပွဲကြည့်ပရိသတ်လား၊ ကစားသမားလား ?

ရည်မှန်းချက်တွေ ချမှတ်ခြင်းအားဖြင့် သင်ဟာ သင့်ရဲ့အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်၊ ထိန်းချုပ်နိုင်ပါတယ်။ သင်ဟာ သင့်အနာဂတ်မြေပုံကို ရေးဆွဲသူဖြစ်ပါတယ်။ သင်ဟာ ဘ၀ကို ဘေးကနေ ရပ်ကြည့်မနေဘူး၊ ဘ၀ရဲ့ ကစားပွဲမှာ ၀င်ကစားတယ်။ ဒါဆို သင် အနိုင်ရပြီပေါ့။
‘ လူတစ်ယောက်မှာ အိပ်မက်တွေ ရှိတယ်ဆိုရင်၊ လူတစ်ယောက်မှာ ရည်မှန်းချက်တွေ ရှိတယ်ဆိုရင်၊ သူဟာ ပျော်ရွှင်နိုင်တယ်၊ ပြီးတော့ ရှင်သန်နိုင်တယ်။ အကယ်၍ ရည်မှန်းချက်တွေ မရှိဘူးဆိုရင် သူ့မှာ အနာဂတ်ဆိုတာတောင် မရှိတော့ပါဘူး ’
ဘ၀ဆိုတာ ကွင်းပြင်ကြီးနဲ့ တူပါတယ်။ အဲဒီကွင်းပြင်ကြီးမှာ ကစားသမားတစ်ယောက်မှ မရှိသေးပါဘူး။ သင် အဲဒီကို ပြေးသွားနိုင်တယ်။ ကစားပွဲတစ်ခုကို စတင်နိုင်တယ်။ စည်းမျဉ်းတွေကိုတောင် တီထွင်နိုင်ပါတယ်။
ကဲ… သင့်ရဲ့အနာဂတ်ကို သင် ဘယ်လိုခန့်မှန်းပါသလဲ ?

Saturday, January 21, 2012

အတိတ်ရဲ့အရိပ် အိမ်မက်များစွာ....



ကျဆုံးခြင်းတဲ့လား ၊ ဘ၀တစ်ခု အဖန်အဖန်သေဆုံးခဲ့ပြီးတာတောင် ၊
နောက်ထပ် သေဆုံးဖို့ အရိပ်မည်းမည်းတွေက စောင့်ကြိုနေကြ ။
မင်း ပျှော်ရွှင်နေလား ။ အစစ်အမှန်ပျှော်ရွှင်ခြင်းတွေရော ဟုတ်ရဲ့လား ။ ကျဆုံးခဲ့ပေါင်းများပါပြီ....။အရေထူနေပါပြီ ။
နောက်တဖန်ကျဆုံးဖို့ရာလည်း အဆင်သင့်ဖြစ်နေပါပြီ ။
စိတ် ပြူတင်းတံခါးတွေ ပိတ်ထားဆဲ ။
မင်းမရိုက်ချိုးခင်ကတည်းက
ငါ့ခြေထောက်တွေ ငါရိုက်ချိုးခဲ့ပြီးသားပါ ။
မသိခြင်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာကို
ငါ့ဝိဥာဉ်ကိုမောင်းနှင်နေတယ် ။
အမှောင်တွေကို အမှောင်စစ်စစ်ဖြစ်ဖို့ရာ
ငါ့နံရံတွေကို ဆေးအမည်းရောင် သုတ်နေတယ် ။
မနက်ဖြန်မှာ တွေ့ရဦးမယ့် အပြုံးအတုတွေအတွက် ၊
အဓိပ္ပါယ်မဲ့နုတ်ဆက်သံတွေအတွက် အတ္တတစ်ခု တပ်ဆင်နေတယ် ။
ရာစုတွေ ပြည့်ဖုံးကားချသွားလည်း အဆိပ်တွေရောင်ပြန်နေခဲ့ ၊
အိမ်မက်ဆိုးတွေသာ ဆုလဒ်အဖြစ်ကျန်ရှိ ။
ကျေနပ်ပါတယ် ။
မင်းမရှိတဲ့ကောင်းကင်မှာ ငါ့ရဲ့ထိတ်လန့်မှု့တွေကို ယမကာတွေနဲ့ရောစပ်
ဆေးတစ်စက်စက်ကျနေဆဲပါလေ ။
လက်တံတွေ ရပ်နေတဲ့နာရီပျက်တစ်လုံးလို ငါ့ရဲ့အတိတ်တွေ ပစ္စုပန်မှာ ရပ်နေဆဲပါပဲ ။
မင်းကြုံးဝါးခဲ့ဖူးတဲ့ အမှတ်တမဲ့တွေကို ငါအမှတ်တရရှိဆဲပါ ။
ခြောက်ခန်းသွားမယ့် အလှတရားတွေနဲ့ ဘ၀ကို ငွေတွေထဲမှာနစ်မြှပ်
မင်းဟာ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ ။
မနုတ်ဆက်လိုက်ပါနဲ့ မင်းနုတ်ဆက်မသွားပါနဲ့ကွယ် ။
။ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အလှကိုငါတစ်ယောက်တည်း မကြည့်ချင်ဘူး ။
မင်းရဲ့ပုံရိပ်ဆန်ဆန်အနည်ထိုင်ခြင်းတွေကို
ဆေးတစ်ခွက်လောက် တိုက်ချင်သေးတယ် ။
အောက်မေ့ဘွယ် စကားလုံးတွေနဲ့
သံသရာ ကြီးကို စိုက်ပျိုးနေသမျှ ငါတို့မျက်ရည်ကျရဦးမှာပေါ့ ။
မင်းညည်းတွားခဲ့တဲ့ တေးသီချင်းတွေလိုပါပဲ
ငါတို့ဘ၀ဟာ အဆံမဲ့နေခဲ့ ။
ရူးသွပ်ခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေဘို့ ငါရူးသွပ်ရဦးမယ် ။
ပြီးတော့ အသိခေါက်ခက်အ၀င်နက်တယ်ပဲပြောပြော
ငါ့ကိုယ်ငါပြန်လည်ရှာဖွေရဦးမယ် ။
မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ မင်းပုံရိပ်တွေရေးဆွဲ
ငါ့ကောက်ကြောင်းတွေ သော့ဖွင့်ထားတုန်းပါပဲ ။
ငါတောင်းပန်ပါတယ်ကွာ ၊ငါ့ကိုမနုတ်ဆက်လိုက်ပါနဲ့ ။
မင်းလိုချင်တဲ့ ငွေကြေးတွေအတွက်
ငါ့ဘ၀ကို ပုံသေခွက်ထဲ ထည့်ထားတယ်ဆိုတာကိုလည်း
မင်းကိုသိစေချင်နေတယ်လေ ။
အိမ်မက်ဆိုးတွေခြောက်လှန့်နေတုန်းပါပဲ ၊
ပျှော်ရွှင်စရာအိမ်မက်တွေလည်း အစာငတ်ခဲ့တာကြာပေါ့...ကြာပေါ့ ။
မင်းငါ့ကို သတိရတဲ့အခါ...အရင်လို ဟားတိုက်ရယ်လိုက်ပါ ၊
မင်းရဲ့လှောင်ရယ်ခြင်းတွေအောက် ငါကျဆုံးပေးပါ့မယ် ။
လိုအပ်တိုင်းပေါ့ ၊
ငါ့ကိုတော့ အပြီးပိုင် နုတ်ဆက်မသွားပါနဲ့ကွယ် ၊
နုတ်ဆက်မသွားပါနဲ့ ...............ရယ် ။ ။

အတောင်ကျွတ်ငှက်



အဲ့ဒီ့အိပ်မက်တွေမှာ....
မိုးမျှော်တောင်တို့ရဲ့အထ္ထုပ္ပတိ တွေပါတယ်။
စားနေကျ ကန်းဇွန်းပလိန်းတွေပါတယ်။
အသားမာတက်နေတဲ့ ဘ၀ခါးခါးတွေပါတယ်။
စည်းချက်ကျကျ ဆာလောင်သံတွေပါတယ်။
အတက်အဆင်း အိပ်မက်တွေနဲ့
ကောင်းကင်ခြေသံတွေမှာ ပြင်ဆင်ခွင့်တွေမရခဲ့။
အဲ့ဒီ့ အညတရမှာ.....
ချွတ်ချော်မှု့တွေက ဆောင်းတွင်းအိပ်မက်လို
ဂယောက်ဂယက်၊
မျက်မြင်ကိုယ်တွေ့ အော်ဂလီဆန်မှု့တွေနဲ့
ဘ၀ကို ရာသီ တစ်ပါတ် ပက်ပြေးခိုင်းရပြန်တယ်။
ရပ်နေတဲ့ နာရီပျက်တစ်လုံးလို...
ခြေထောက်တွေက ဘယ်လိုလျှောက်လျှောက်
ဘ၀တစ်ခုကတော့ ခုထိ ရပ်နေတုန်း။
မနေ့က ခြေရာတွေ ခုထိ.....။
အဲ့ဒီ့အိပ်မက်တွေမှာ.....
မနေ့က ခြေရာတွေလည်း ပါတယ်။

မနက်ဖြန်အတွေး


နှစ်လိုရာနှစ် အတောင်ပံတွေရေစို
ရယ်မောခြင်းတွေ ပျံသန်းမဲ့ခဲ့။
အဲ့ဒီ့မျက်နှာလေးပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးနဲ့
သူမ ကျွန်တော့်ကိုသိမ်းသွင်းခဲ့။
မာယာမဲ့ နုတ်ခမ်းတစ်စုံက
အရှိကို အရှိအတိုင်းလုပ်သွားတယ်။
သူမ-ဟန်မဆောင်ခဲ့ပါဘူး။
ထိချက်ပြင်းတယ်...
ရေစိုတောင်ပံတွေ ဘယ်တော့ခြောက်ပ၊
ပျံသန်းနိုင်မယ့်နေ့တွေ စောင့်စား၊
ဒဲ့ဝင်လာတဲ့ လောက်စာတစ်လုံးကို
ခေါင်းနဲ့ခံတိုက်ခဲ့-ကျွန်တော် ဆာသူငယ်။
မနက်ဖြန်ပေါင်းများစွာအတွက်
ဘယ်လိုကြေကွဲခြင်းတွေနဲ့
အတောင်ပံအသစ်တွေချုပ်လုပ်ရပ၊ ။
နှစ်လိုရာနှစ် အတောင်ပံတွေ
ရေထဲ စုံးစုံးမြုပ်......
အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ...
ဟုတ်တယ်-အဲ့ဒီ့မျက်နှာလေးကြောင့်ပါပဲ။ ။

Thursday, January 19, 2012

အရောင်ဆိုးစိမ်းလန်းခြင်းများ

နေရာဒေသ တစ်ခုရဲ့ 
တစ်ဝမ်း တစ်ခါးမှာ 
ကောက်ကျစ်စဉ်းလဲမှု့တွေ 
မျိုးပွားနေတုန်း 
အတိတ်က အဖြူရောင်လေး 
ခါးသက်သွားတယ် ။

ကမန်းကတန်း ဆူညံမှု့ တွေက 
မှားယွင်းမှု့ များစွာ ရဲ့
အခြေခံ လေလား ။

မတော်တဆ လောင်ကျွမ်းသွားတဲ့ 
အဲ့ဒီ ဝေရာဝစ္စ တွေထဲမှာ 
ကိုယ်အတ္တ တွေပါ နေတယ် ဆိုယုံလေးပါ

မေ့လျော့ခြင်း ရဲ့နောက်ကွယ်မှာ 
ဆံပင်တွေဖြူခဲ့တာ ဘာဆိုင်လဲ၊
မျက်ခုံးမွှေးပေါ်က ခြေထောက်တွေကတော့
မထေမဲ့မြင်ပန်းပွင့်တွေကျဲချလို့၊
အိပ်ပျော်သွားတဲ့ အရက်တစ်ခွက်မှာတော့ 
ဆွေးမြေ့ မှူ့တွေ အနည်ထိုင်သွားခဲ့တယ် ။

တက်ကြွခြင်း ဆိုတာ 
အတိတ်ကတကယ်ရှိခဲ့ရဲ့လား 
အသေအချာ မစဉ်းစားတော့ပါဘူး ။ 
မိုးရွာ ပြီးစ စိမ်းလန်း စိုပြေတာထက် 
သာယာတဲ့အနမ်းတစ်ခုလောက်ပဲ
ငါ အမှန်တကယ် လိုချင်ခဲ့ပါတယ်၊
ဒါမှမဟုတ် ပေးအပ်ချင်ပါတယ်။
ပျက်ဆီးသွားတဲ့မုန်တိုင်းတစ်တစ်ခုထဲက 
နိုးထခွင့် ပေးပါ။
မင်းမာယာတွေ ပြီးဆုံးပြီးနောက်။     ။

ခြေရာ


ထားခဲ့ပါ....

မင်းရဲ့ မသေခြင်းကဗျာတွေထဲ...

နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...

ယဉ်ကျေးပေးပါ့မယ်။

အလေးချိန်တွေ မတူညီလည်း...

မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...

ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။

ထားခဲ့ပါ...

မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...

တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....

ပန်းတွေပွင့်လန်းပေးပါ့မယ်။

အနိမ့်အမြင့်တွေ မတူညီလည်း....

တစ်နေရာတည်းကိုတော့..

ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။

ထားခဲ့ပါ...

မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....

ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။

ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။

ထားခဲ့ပါ....

မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။